နှလုံးသားကိုရိုက်ပုတ် လာသောသံစဉ်မှန်သမျှကိုကဗျာလှိုင်းအဖြစ်သီကုံးသွားမည်။(ကဗျာချစ် သူများအတွက်သီးသန့်ခံစားတင်ပြသည်။)

လူကြိုက်များသောစာပေလေးများဖြစ်ပါတယ်

Friday, December 30, 2011

ကပ်ရောဂါ

မောင်သံသရာ | 2:29 AM | Best Blogger Tips
 ကပ်ရောဂါ
တစ်တီတူးငှက်
ထက်အာကာ
မိုးကမ္ဗလာကိုခြေကန်ပြီး
ပက်လက်လှန်အိပ်တာ
မိုးပြိုမှာစိုးလို့ဆိုပဲ။

မြင်းသတ္တ၀ါ
သုံးဖက်သာခြေထောက်ပြီး
နောက်တစ်ဖက်ကြွအိပ်တာ
မြေပြိုမှာစိုးလို့ဆိုပဲ။

သစ်ပင်ပေါ်အိပ်တဲ့မျောက်
မြေပျောက်မှာစိုးလို့
တစ်ညသုံးခါဆင်းပြီး
မြေကြီးကိုစမ်းတယ်ဆိုပဲ။

ဒဏ္ဍာရီစကား
နားထဲမှာဟာသသဖွယ်
အသွယ်သွယ်ငါတို့ကြားခဲ့ပေါ့။

ယနေ့
ပြည်တည်နာတွေနဲ့
မွှေနောက်ခံနေရတဲ့
ယနေ့ကမ္ဘာ
အစစ အရာရာ
ယိုးယွင်းကာ
သွက်ချာပါဒလိုက်နေပြီဆိုပဲ။

ဘယ်အခါသွေးတိုးနဲ့
ဆိုးဝါးစွာနောက်ဆုံး
ကိစ္စတုံးမလဲဆိုတာ
ပါရဂူပညာရှင်တို့
ရင်စို့မှာစူးငြောင့်တွေနဲ့
စောင့်ကြည့်ကာရင်တမမဖြင့်
မျက်ဖြူခနေကြသတဲ့။

အဏုမြူလက်နက်ပိုင်ရှင်တို့
စိတ်မခိုင်စွာလောင်စာအတွက်နဲ့
လောဘတက် ဒေါသထွက်လို့
အဏုမြူလက်နက်မိုး
ကမ္ဘာကိုရွာသွန်းဖြိုးခဲ့ရင်
သင်  ငါတို့ ဘ၀အဖုံဖုံ
သရဏဂုံတင်ချိန်တောင်ရပါ့မလား။

ယင်းသို့အနာဂတ်ကိုမျှော်
အပျော်ကိုဖယ်ထုတ်
ပစ္စက္ခအလုပ်ကဓမ္မ
သမအောင်စိတ်ကိုမွှေ
ဖည်မသွေနှလုံးသားထဲ
မြတ်တရာဝပ်စင်းနေပါမှ
ဝင်လာမယ့်ကပ်လောကဓံ
အာခံကာတုန်လှုပ်စိတ်
ငါတို့တွေ
ချောင်ပိတ်ထားနိုင်လိမ့်မယ်။     ။




ဆွဲထုတ်ခြင်း

မောင်သံသရာ | 2:27 AM | Best Blogger Tips


တစ်ချို့လူတွေရဲ့ဟာသဖြစ်ဖွယ်စကား
တစ်ဖက်သားသိက္ခာကိုထိခိုက်စေတယ်
သူများသိက္ခာကိုထိပါးတဲ့ဟာသရပ်ဝန်း
ဆန်းစစ်ကြည့်   အနှစ်ရှိသလားလို့ပေါ့။

မရည်ရွယ်ပဲဇော်ကဲမင်းဖြစ်တာ  ဂွတ်ပေမယ့်
မရည်ရွယ်ပဲသူများသိက္ခာကိုကျစေလိုက်တာ
အပြစ်အနာအဆာကင်းသလား။

တစ်နေ့တာဖြစ်ပျက်သမျှအလုံးစုံကို
အကုန်ဖွင့်ထုတ်သင့်သလား…
မိသားစုထဲကိုပေါ့……

သိက္ခာဆိုတာ     ဘာလဲ..
ထိမ်းသိမ်းရမယ့်ကျင်းဝတ်တစ်ခု
ဂရုပြုအလေးမမူဘဲ
နှုတ်ပိတ်မှု့ချို့တဲ့တော်မူရင်
ဗလောင်ဆူပွတ်သွားမယ်
လောကလူ့ဘောင်တွေပေါ့။

တစ်ဖက်သားအသဲကြား
ခံစားရစေတဲ့ နှိပ်ကွပ်ခြင်း
သေမင်းကိုဖိတ်ခေါ်သလိုဖြစ်တတ်တယ်။

 စကားဆို  တောင်လို မမောက်နဲ့
တံတားအို မှောင်ကိုမလျှောက်နဲ့
ရှေးစကားအဆို အထားအသိုကောင်းပေမယ့်
အမှားမျိုထားသူတွေကတော့
ပစ်စလက်ခတ်လုပ်တတ်တယ်။

အန္တရာယ်ဆိုတာ အလမ္ပယ်ဆရာ မလိုဘူး  ဟေ့  လို့
အနော်မှာ ဟိုဖက်မှာ ဆံပယ်သလို
အလွယ်လေးရယ်လို့ထင်မှတ်
ယတိပြတ်အတေွး နဲ့
နားဝေးနေရင်
ပတ်ဝန်းကျင်ဘောင်ထဲက
လွဲဖယ်ခံအဖြစ်နဲ့အထီးကျန်ရတတ်တယ်။

ဘရိတ်
နေရာတကာမှာ သိက္ခာ
နေရာတကာမှာ ကရုဏာ
နေရာတကာမှာ မေတ္တာ ဆိုတဲ့
ဘရိတ်နဲ့အပိတ်
ကြိတ်မှိတ်မထားရင်
အမျိုးအစား မကွဲပြားတဲ့ပြဿနာ
ဖွေရှာနေသလိုဖြစ်တော့မှာပေါ့။

ငွေပဲရှိရှိ
ပဒေသာပင်ပဲရှိရှိ
ရှိချင်တာရှိပါစေ
သေရွာက စပွန်ဆာမပါပဲ
သေချာစွာ ကြော်ငြာလိုက်မှာက
မြေဇာပုံအဖြစ်ပါ။

မြေသားက၀ါးစားခံရမယ့်
ရုပ်နာမ်သားတွေဟာ
ပြဿနာတွေကို
ဘာ.ဘာ..ဘာ..ဘာဖြစ်လို့
ဆွဲထုတ်နေကြရတာလဲ။   ။

Monday, December 19, 2011

ပုံဆောင်ခဲ

မောင်သံသရာ | 3:10 AM | Best Blogger Tips


ကမာကောင်
ကိုယ်တွင်းဆောင်တဲ့အမှိုက်
လူများကြိုက်တဲ့ပုလဲဖြစ်သွားတယ်။

ကာဘွန်အစု
ဓာတ်တစ်ခုမျှသာဖြစ်တဲ့စိန်
မြိန်ယှက်စွာကမ္ဘာမှာ
လူတကာစိတ်ထဲနေရာယူထားတယ်။

ပင်လယ်အောက်ပေတစ်ရာ
သန္တာကောင်ရုပ်ကြွင်း
အပြစ်ကင်းလွတ်စွာ
ရတနာကိုးပါး
အမွေထားရတဲ့
သန္တကျောက်ဖြစ်သွားတယ်။

အလျူမီနီယမ်အောက်ဆိုက်
ခရိုမီယမ်ဒြပ်စင်
ပေါင်းစပ်ဝင်ရောက်တဲ့
ကျောက်ကုရုန္ဒံဟာ
ဟန်ပန်မပါ
အနီရောင်ကဗလာနဲ့
ရတနာပတ္တမြားဖြစ်သွားတယ်။

မနုဿဘောင်
အသီးသီးဆောင်ထားတဲ့စိတ်
ဘာနဲ့ပေါင်းစပ်
ဘာနဲ့ဟပ်၍
ဘာနဲ့ကာဖုံး
ဘာနဲ့ထုံး၍
ဘယ်သို့ဘယ်ပုံဆောင်မလဲ….?။

အမှိုက်

မောင်သံသရာ | 3:05 AM | Best Blogger Tips
ဝေဟင်မှာလေဟုန်စီး
ရီးလေးခိုချင်တယ်
ခိုစရာစွမ်းအင်
သဏ္ဍန်ထင်မရှိလေတော့
ဝေဟင်ကဏ္ဍ
မျိုချထားလိုက်တယ်။

နိုင်ငံမှာလှိုင်အကျော်
လူဇော်မောင်ဖြစ်ချင်တယ်
ဇော်စရာစွမ်းအင်
သဏ္ဍန်ထင်မရှိလေတော့
အကျော်ကဏ္ဍ
ကြိုးဆွဲချပစ်လိုက်တယ်။

လူတကာ့ခေါင်းဆောင်
ထွန်းပြောင်စွာစံပြဖြစ်ချင်တယ်
ထွန်းပြောင်မယ့်စွမ်းအင်
သဏ္ဍန်ထင်မရှိလေတော့
ခေါင်းဆောင်ကဏ္ဍ
မြေချပစ်လိုက်တယ်။

လူထဲမှာအာစရိ
သမာဓိရှိစွာဖြစ်ချင်တယ်
သမာဓိစွမ်းအင်
သဏ္ဍန်ထင်မရှိလေတော့
ဆရာ့ကဏ္ဍ
ခ၀ါချထားလိုက်တယ်။

ဖြိုးဝေစွာတိုးတက်ရေး
ဘေးမရှိညွန်ပြချင်တယ်
ညွန်ပြမယ့်စွမ်းအင်
သဏ္ဍန်ထင်မရှိလေတော့
ဖွံ့ဖြိုးရေးကဏ္ဍ
ခြွေချပစ်လိုက်တယ်။

နေရာတကာမှာ
သုံးစားမရတဲ့
ဇီဝတစ်ခုရဲ့ဘဝ
အနှစ်ကနတ္ထိ
ကိုယ့်ကိုကိုယ်ကြည့်
ရှက်တတ်မှုရှိရှိနဲ့
ဗြိခနဲဆွဲဆုတ်
ဟို အဝေး လွှင့်ထုတ်ပစ်လိုက်..။

ဒေသတစ်ခုရဲ့တစ်နေရာ
လှပစွာဖန်းဆင်း
ရနံ့သင်းသင်းနဲ့
ထွင်းဖောက်ကာအကျိုးပြုဖို့
ပညာတွေစု အမြုတေဒုနဲ့
ပြည့်စုံအောင်ထုဆစ်ပြီး
အမှိုက်အဖြစ်ဖယ်ထုတ်လိုက်ရင်
အသက်ရှင်ရတဲ့ဘ၀တစ်ခုဟာ
အနှစ်မရှိပေဘူးလား…………?။

Friday, November 18, 2011

(အတွေးတစ်မိုက်)

မောင်သံသရာ | 3:58 AM | Best Blogger Tips

သုတ ဆိုတဲ့ခေတ်ပေါ်
ပညာရေးအဖော်နောက်
မြော်ထောက်ရှု့ဆင်ခြင်
ဥာဏ်အမြင် ဗလာကျင်းနဲ့
ကိုယ်တွင်းကျင့် သီလ
ခ၀ါချကာ လိုက်နေကြသူတွေ။

စည်းကမ်းဆိုတဲ့ဘောင်
ဆောင်စရာမလို ဟို.အဝေးသွား
ငါ့စကား နွားရမှုတွေနဲ့
အသားကျနေကြတဲ့ မျိုးဆက်တွေ။

လောင်ကစားတွေ ပွေလိမ်ရှုပ်
စိတ်ယုတ်မာတွေနဲ့အချောင်လို
ရေသာခို စိတ်ဓာတ်
လက်ထပ်ထားကြသူတွေ။

အဲဒီလို လူအများကြား
အကောင်းစား စနစ်တစ်ခု
ဖွံ့ဖြိုးတိုးတက် မှုဆိုတာ
သေချာ ရေရာစွာ ဖြစ်နိုင်ပါ့မလား…….?။

(ဒဏ္ဍာရီအတွေး)

မောင်သံသရာ | 3:55 AM | Best Blogger Tips


ခေတ်၊ရာစု
ဝါဒ၊အချိန်
ရာသီ၊လူ
 စသည်တို့ဟာ
အပြောင်းလွဲကြီး
ပြောင်းလွဲခဲ့ကြပြီးပြီ။

ယ္ခုလည်း
ပြောင်းလဲနေကြဆဲ။

နောင်လည်း
ပြောင်းလဲကြရဦးမည်။

အဲဒါတွေ..ဘာ့ကြောင့်
ခိုင်မြဲမှုမရှိပဲ
ပြောင်းလဲနေကြရတာလဲ.?။

အနိစ္စမိခင်ရဲ့
ရင်နှစ်သည်းခြာ
သား သ္မီး ရတနာတွေဖြစ်လို့
ခိုင်မာမှုအားနည်းကာ
ပြောင်းလဲခြင်းစက်ဝိုင်းထဲမှာ
လည်ပတ်နေကြရတာလား..?။

ယင်းသို့ဆိုခဲ့ရင်
လူသားတွေအားလုံး
လူတန်းစားညီမျှအောင်
ဘယ်သို့လုပ်ဆောင်မလဲ..?။

ပြောင်းလဲခြင်းမျာစွာရဲ့
ကံကြမ္မာ အလှည့်အဖျား
သဘောတရားအောက်မှာ
လျှောက်လဲချက်ပေး
လာဘ် လာဘကျွေး နဲ့
မှေးတင်လှုပ်ရှားနေကြရတဲ့
မနုဿ လူ့ဘောင်ကို
လူတန်းစားညီမျှအောင်
လုပ်ဆောင်နိုင်ပါ့မလား…?။

ဘာရယ်…ညာရယ်
အကဲပို  စဉ်းစားဆိုလိုက်နဲ့
ဥာဏ်တစ်မိုက် ရဲ့အတွေး
အဝေးထွက်သွားဟေ့…လို့
အမိန့်ပေးလိုက်တဲ့အခါ…………………...။

Monday, October 31, 2011

(မမေ့ကောင်းတဲ့အာဇာနည်)

မောင်သံသရာ | 2:04 AM | Best Blogger Tips



အနိစ္စဒုက္ခအနတ္တလို့
မြတ်ဗုဒ္ဓဒေသနာ
ဟောကြားကာထားပါသော်လည်း။

အာဇာနည်တို့ရဲ့
အနိစ္စခရီးဟာ
သောကထုကိုခပ်ကြီးကြီးဖြစ်ပေါ်စေတယ်။
ရွက်ကြွေတောက
ရွက်ဝါတွေရဲ့ကြွေကျမှုဟာ
နှမြောစရာမကောင်းသော်လည်း။

အာဇာနည်တို့ရဲ့
အကြွေစောမှုဟာ
ရင်ထုမနာခြင်းကိုထုထည်ကြီးမားစေတယ်။

သမုဒ္ဒရာထဲကလှိုင်းလုံးတွေဟာ
အညစ်အကြေးတွေကိုရိုက်ထုတ်လို့
ရေကိုသန့်ရှင်းစေပေမယ့်…

အာဇာနည်တို့ရဲ့ဇီဝကို
မရဏမင်းဆီပို့လိုက်ခြင်းဟာ
ပြည်မြန်မာဒို့တစ်ထွေကို
အမှောင်ထဲရောက်သွားစေတယ်။

အာဏာမာန် လေလံဆွဲထားတဲ့
မသမာဝိသမလောဘသားတစ်ချို့ရဲ့
တယူသန်မူမမှန် လူမဆန်တဲ့လုပ်ရပ်ကြောင့်
အာဇာနည် ဘာမထီယောင်္ကျားသားတို့
ပြည်မြန်မာ ကမ္ဗလာဇမ္ဗူနယ်က
ဟိုတစ်နေရာ တာဝတိံသာသို့
ခြေပဒါလှမ်းခုန်ကူးလိုက်ကြတာ
၆၄နှစ်တောင်ပြည့်ရော့ပေါ့။

 (အာဇာနည်ပုဂ္ဂိုလ်ကြီးများကိုအမှတ်တရဂုဏ်ပြုပူဇော်သည်/19/7/2011)
Related Posts with Thumbnails