တရားဓမ္မ၊တေးအလှဖြစ်
သောတခိုက်အောင်၊အသံယောင်မှား
ဂီတသ္မားဖြင့်၊ကျူးရင့်သူတွေများလာပြီ။
ပိုက်ဆံငွေကြေး၊အကြွေးပေးသူ
မင်းဗိုလ်လူကို၊ကြွေးယူမနုဿ
ပုဂ္ဂလတို့၊ငါ့အောက်ကျွန်နှယ်ထင်ကြပြီ။
ကမ္ဘာဦးစ၊မိနဲ့ဘတို့
ယုယမွေးမြူ၊ကျွေးမွေးသူကို
ခေါ်ယူသတ်မှတ်၊ဝေါဟာရပ်က
အဘိုးကြီးအဘွားကြီးတဲ့။
ငယ်စဉ်တောင်ကျေး၊အလေးပေးပြုစု
မာတာပိတု၊ကျွေးမွေးမှုကို
ပြုစုဖို့ရေး၊မျှော်မတွေးပဲ
အော်ငေါက်ဆဲဆို၊စိတ်အလိုလိုက်
ထိုလူမိုက်တို့၊ကျွန်နှယ်ပမာထားကြပြီ။
ကျွေးမွေးပြုရ၊မိနဲ့ဘတို့
ဒုက္ခပူမီး၊အရှိန်ကြီးဖြင့်
သားသ္မီးမျက်နှာ၊မော်ကာမရဲ
သခင်ပဲလို့၊မဲပေးရကိန်းဆိုက်ရောက်ပြီ။
ငါလေသခင်၊စိတ်မှာထင်သူ
သတ္တ၀ါမူကား၊သူလေအတ္တ
ခ၀ါချကာ၊လောကပြောင်းပြန်
ပြုကျင့်ဟန်က၊ယောက္ခမကို
မိဘခေါ်ကာ၊ရိုသေစွာဖြင့်
သေချာလုပ်ကျွေး၊တရားဝေးသူ
ပွက်ပွက်ဆူပြီ။
ဓမ္မရိပ်သာ၊ခေါ်ဝင်ကာဖြင့်
ဝိပဿနာတရား၊ရှု့မှတ်ပွါးယူ
တချို့လူလည်း၊ကောင်းမှုဓမ္မ
တရားလှတို့၊အဇ္ဈတ္တတွင်း
သိပ်သွင်းမရောက်၊လမ်းတွင်ပျောက်၍
မော်မောက်သူတွေများကြပြီ။
ဒေါသရန်မီး၊ပွါးစီတတ်သူ
ဖြစ်သော်မူကား၊မှတ်ယူစိတ်တွင်း
ဥာင်္ဏအလင်းတွင်၊ကျေးဇူးရှင်ဟု
ရှု့ကြသူတွေပေါ်ထွက်ပြီ။
တနေ့တအုပ်၊လ္ဘက်သုပ်ကျွေး
မုန့်ပေးလာသူ၊ကျား-မ -လူကို
ခေါ်ယူသတ်မှတ်၊ကျမ်းဂန်တတ်လို့
သတ်မှတ်သူတွေဆူညံပြီ။
စေတီပုထိုး၊ရိုးကျိုးဝပ်တွား
အားထားစရာ၊ဘုရားမှာလည်း
ဝင်းဝါရွှေသား၊ကပ်ထားမှသာရိုသေပြီ။
ပြည်သူထောက်ပံ့၊တည်တံ့ကျောင်းဆောင်
တောရိပ်တောင်မှာ၊ဇာတ်ထောင်သူတွေများလာပြီ။
လူ-နတ်-ဗြဟ္မာ၊သတ္တ၀ါများ
အားထားကြည်ညို၊ရုပ်ပွါးတော်ကို
တည်ထားလိုသူ၊ပုဂ္ဂုလ်မူလည်း
နှုတ်ယူအမြတ်ကြီးစားကြပြီ။
ကောင်းကင်သိကြား၊နတ်ဘုရားလည်း
မအားရအောင်၊အကျိုးဆောင်၍၊
လူ့ဘောင်သက်ဆင်း၊ငွေတွင်းရှာဖွေပေးရပြီ။
ဇာတိနောက်မှ၊ဇရာရသူ
ဘိုးအိုမူလည်း၊ရူပါမောင်းတင်
အလှဆင်၍၊ပျော်ရွှုင်ပွဲများသွားကြပြီ။
လက်ရှိဘ၀၊တာဝန်ကျရာ
ထမ်းဆောင်ကာဖြင့်၊နေရာဒေသ
ထိုင်လို့ရသူ၊မင်းခလူတို့
လျှာမူနှစ်ခွဖြစ်ကြပြီ။
စင်မြင့်တက်ခုန်၊လှုပ်ပြရုံဖြင့်
ဂုဏ်ကြီးသရေ၊ရှိကြပေဟု
ရှု့မြင်သုံးသပ်၊ခေါ်စမှတ်လည်းတွင်ကြပြီ။
အိမ်ထောင်လည်းကျ၊ကလေးရသူ
မိန်းမမူလည်း၊မြင်သူစိတ်တွင်း
ယမင်းလှပျို၊စက်စက်ယိုဟု
ထင်လိုသူတွေများကြပြီ။
(မြင်သူစိတ်ယိုင်၊ငေးငိုင်အောင်ဖြင့်
ဟန်ဆောင်အပျိုများကြပြီ)။
ပညာမဲ့သူ၊ဗာလလူတို့
တိုင်းမူပြည်ရွာ၊အုပ်စိုးကာဖြင့်
ပြည်ရွာငြိမ်းချမ်း၊လေမှာဖမ်းရအောင်
ဓမ္မပျက်သူများကြပြီ။
အထက်ဆိုစကား
ပျက်ငြာခုခါ၊ဖြစ်နေတာကြောင့်
နောင်လာနာဂတ်၊ငြိမ်ဝပ်အေးချမ်း
မကြမ်းရမ်းပဲ၊ခိုင်မြဲတာရှည်
သက်ဆိုးရှည်ဖို့၊စောင့်စို့တရား
လက်ကိုင်ထား၍၊စဉ်းစားအသိ
ကိုယ်တွင်းထိမိ၊အရှိဖြစ်ဖို့လိုကြပြီ....ရှင့်။ ။